နှစ်စဉ်ကျရောက်မြဲ
မွေးနေ့ ရောက်လာပြန်တော့ ဟက်ပီးဘသ်ဒေး.. တူး ယူ ဆိုပြီး မွေးနေ့လက်ဆောင်
မျှော်ရတဲ့ ရင်ခုန်မှုမျိုးထက် မွေးနေ့အထိမ်းအမှတ် အလှူအတန်း အကျွေးအမွေး
လုပ်နေချိန်မှာ လူကြားထဲ အမရဲ့အသက်က ခု ဘယ်နှစ်နှစ် ပြည့်တာလို့ လာမေးရင်
စိတ်ဆိုးသလိုလို သူများကြားမှာ စိုးသလိုလိုများ ဖြစ်နေဦးမှာလား..
ဒီလိုဖြစ်နေသေးရင် စိတ်က မရင့်ကျက်သေးတာပဲလို့ ကိုယ့်ကိုယ်ကို မာန်ချိုးရသေးတယ်..
အသက်တနှစ် ပိုကြီးလာတာနဲ့အမျှ အသိ တစ်နှစ်စာ ပိုပြီး တိုးလာသလား..
ဒေါသထွက်တာ၊ လောဘကြီးတာ၊ မောဟဖုံးနေတာ မကောင်းဘူးလို့ ဆရာတော်ကြီးတွေ ဆရာတော်လေးတွေ ဟောကြားသမျှ ဖတ်ကြားနားထောင်ဖူးတာတွေကို တကယ်ပဲ လိုက်နာကျင့်သုံးပြီး ပယ်ရှောင်နိုင်ပြီလားလို့လဲ ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်လိုက်တဲ့သကာလ...
ကိုယ့်ကို တည့်တည့်ဖြစ်စေ၊ ကွယ်ရာက ဖြစ်စေ မနာလိုစောင်းမြောင်း မကောင်းပြောတယ်လို့ သိလိုက်၇တဲ့ တဒင်္ဂမှာ အောင်မယ်.. ငါ့ကိုများ ဆိုပြီး ဒေါသထွက်ချင်သလိုလို ဖြစ်နေချင်သေးတယ်..
ဒါပေမယ့် ဒေါသကို အလိုလိုက်ပြီး ဟဲ့ ဘယ်သူ ဘယ်ဝါ ... ငါ့ကို ဘယ်တုန်းက ဘယ်နေရာမှာ ဘယ်လိုဖြစ်တယ်လို့ ဘယ်သူနဲ့ ပြောနေတယ်ဆိုတာ ဘယ်သူလာပြောလို့ ငါသိတယ်.. ဘာညာဆိုပြီး စိတ်နောက်ကိုယ်ပါ နှုတ်ပါ မလုပ်ဖြစ်အောင် ဒေါသမျို ထိန်းချုပ်မှုတော့ လုပ်နိုင်သွားတယ်ဆိုတော့ နောက်ဆက်တွဲ အကျိုးဆိုး ပေါ်မလာတော့ ဒုက္ခတမျိုး ငြိမ်းပါလားလို့...
ဖေကြီးရဲ့အဆုံးအမ စကြားတုန်းကတော့ လက်မခံချင်ဘူးလေ....
ဒေါသကို ထိန်းချုပ်ရတာဟာ မာနကို အစွယ်ချိုးခိုင်းနေတာပဲ.. လူညံ့ လူကြောက်ကြီးလို့ ထင်ကုန်ကြတော့မှာပဲဆိုပြီး လူကြားထဲ တထောင်ထောင် လုပ်ချင်စိတ်က မပျောက်သေးခင်မှာတော့ တော်တော် ခက်ခဲခဲ့တာပဲ..
မှားသည်ဖြစ်စေ.. မှန်သည်ဖြစ်စေ.. စိတ်စွမ်းအား ကြီးတဲ့သူကသာ ခွင့်လွှတ်နိုင်တာ..
ဒေါသထွက်တာကို ဂုဏ်ယူစရာတခုအနေနဲ့ ထင်နေတုန်းပဲဆိုရင် ငါ့သမီးစိတ်က ရင့်ကျက်တဲ့ လူကြီးစိတ် မဖြစ်လာသေးဘူး.. ကလေးပဲရှိသေးတယ်...
ကလေးပဲ ရှိသေးတယ်ဆိုတာ ငယ်ရွယ်နုပျိုတာကို ဂုဏ်မောက်ဖို့ မဟုတ်ဘူး..
အသိဥာဏ်က ကလေးအဆင့်ပဲ ရှိသေးတယ်... လောကကြီးမှာ လူရာမ၀င်သေးဘူး...
ဒေါသဆိုတာ အချိန်မရွေး ပေါက်ကွဲထွက်ဖို့ သိပ်လွယ်တယ်... ဒေါသမထွက်၇အောင် ထိန်းချုပ်ပြီး သည်းခံခွင့်လွှတ်နိုင်ဖို့ဆိုတာ သိပ်ခက်တယ်..
သမီးက လွယ်တာလိုက်ချင်လား.. ခက်ခဲတာကို ကြိုးစားအောင်မြင်ချင်လားတဲ့...
စိန်ခေါ်မှုကို အနိုင်ရချင်တဲ့ဇောကလဲ ရှိနေပြန်သေးတော့ ထွက်ပစ်လိုက်ချင်တဲ့ဒေါသကို ဇက်နှိမ်ပြီး ထိန်းချုပ်ခဲ့ရတာ... အင်း .. တကယ့်ကို မလွယ်ပါလား...
ကိုယ့်ကိုယ်ကိုမှ မထိန်းချုပ်နိုင်ရင် သမီးတို့ ဘုရားတွေရှိခိုး.. ပုတီးတွေစိပ်လဲ အလကားပဲ ဘာညာ.. ရှည်လျားထွေပြား မနေမနား ဆုံးမစကားများကို မြန်မြန် ပြောလို့ပြီးပါစေလို့ ဆုတောင်းမိခဲ့တယ်ဆိုတာ မဟုတ်ပါဘူးလို့ ညာပြောရင်လဲ ဘယ်ယုံကြပါ့မလဲ..
ဒေါသကိုထိန်းပြီ စိတ်နောက်ကိုယ်ပါ မလုပ်မိတော့ သူက ကျမကို ဘယ်လိုပြော ဘယ်လိုလုပ်လို့ မတရားတာကို လက်မခံနိုင်လို့ ဒီလိုဒီလိုတွေ ဖြစ်ရတာပါဆိုပြီး ပြသနာရဲ့ နောက်ဆက်တွဲတွေကို ရှုပ်နေစရာ မလိုတော့ဘူးပေါ့...
ငါလိုလူမျိုးကို ဒီလိုပြောရင် ငါကလဲ ဒီလိုပြန်ပြောလိုက်မယ်.. အဲဒါကို ထောက်ပြီး ဘယ်လိုအသုံးအနှုန်းနဲ့ လာပြော၇င် ငါကလဲ ဘယ်လိုကို သူ့ချက်ကောင်းကို ကိုင်ပြီး ပြောပစ်မယ်..
ဟမလေးနော်.. မဖြစ်သေးခင် ကြိုတွေးပြီး စီစဉ်နေ၇တာနဲ့တင် တော်တော် အချိန်ပုပ်၊ အလုပ်မတွင် ... သူပဲမှားမှား ကိုယ်ပဲမှားမှား ... ပြသနာဖြစ်ပြီဆိုကထဲက ကိုယ့်အရှုံးပဲ.. ကိုယ့်အမှားပဲ..
ဘာလို့ဆိုတော့ ပြသနာ ဖြစ်ချင်နေတဲ့သူရဲ့အကြိုက် ပြသနာဖြစ်ဖို့ လက်ခံလိုက်တဲ့အတွက်ပဲတဲ့.. ဒါကြောင့် ပြသနာကို.. ပြသနာဖြစ်မှာကို ရှောင်..
ခွေးရူး ရှောင်သလိုကို ရှောင်... မရှောင်ပဲနဲ့ ခွေးရူးနဲ့ဖက်ကိုက်မှာလား... အကိုက်ခံ.. အထိခံမိရင် ခွေးရူးရောဂါ မဖြစ်အောင် ဆေးထိုးရမယ်.. ဝေဒနာရော ငွေကုန်တာရော ကိုယ်ပဲ ကြုံရမှာ...
ဒီလိုပဲ စောင်းတာ မြောင်းတာ င့ါကြိုပသနာ သက်သက်ရှာတာ .. ငါ့အကြောင်း သိအောင်တော့ ပြရဦးမယ် ဆိုပြီး ခွေးရူး အရောဝင်သလို ပြသနာကို လက်ခံလိုက်ရင် ကိုယ်က မှန်လွန်းလို့ တွေ့ရာ ကောက်ဆွဲပြီး သေအာင်ကို ဆုံးမပေးလိုက်မယ်..
ဟုတ်ပီ သေသွားတော့ရော.. တကယ်ပဲ ပြီးသွားသလား..
မှားနေတဲ့သူ့ကို အသေသတ်လိုက်တဲ့ ဆုလာဘ်က ဒေါသကို တဒင်္ဂ မထိန်းချုပ်လိုက်နိုင်တဲ့အတွက် ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့ အနာဂတ်တွေကို ထောင်ထဲမှာ မြှုပ်နှံလိုက်ရမှာ တကယ်ပဲ တန်ရဲ့လား...
မဟုတ်တဲ့ မာနကြောင့် ဒေါသကို မထိန်းချုပ်နိုင်ခြင်းရဲ့ နောက်ဆက်တွဲမှာ သူက အသက်သေ၊ ကိုယ်က ဘ၀သေ ဘယ်သူမှ အကျိုးမရှိဘူးတဲ့...
တို့ကတော့ မရဘူး.. လာထား.. ဒေါသထွက်လာရင် မျက်စိထဲ ဘာမှ မမြင်တော့ဘူး.. နောက်မှ ကိုယ်မှားနေလို့ ထိုင်ရှိခိုးပဲ တောင်းပန်ရ တောင်းပန်ရ .. လောလောဆယ်တော့ ဒီလိုပြောပစ်ပြီး ဒီလိုကို တင်းထားမှဖြစ်မယ်ဆိုတဲ့သူတွေကလဲ အများသားကိုး... ဒေါသကို မထိန်းနိုင်ခဲ့ရင်.. ကိုယ့်ကို လာစော်ကားတယ်ဆိုတိုင်း တုံ့ပြန်ခဲ့ရင် နပိုလီယံလဲ စစ်ဘုရင် ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး.. အင်္ဂလန် နန်းလျာမင်းသားလဲ ဘယ်ဘုရင် ဖြစ်လာပါ့မလဲ... အသက်သာကြီးတယ် အသိမကြီးရင် အချိန်မစီးတဲ့ ချိမ်စီး ဖြစ်နေတတ်တယ်..
ဘယ်လိုစာအုပ်မျိုးတွေ ဘယ်နှစ်အုပ်တောင် ဖတ်လာတာ.. သိပ်သိတာပေါ့လို့များ ကိုယ့်ကိုယ်ကို အထင်ကြီးနေတာကလဲ အသိကြီးဖို့ အတားအဆီးတခုပဲ... ဒေါသထွက်တာ မကောင်းမှန်းသိတာပဲ.. ဒေါသထိန်းဖို့ တရားထိုင်တာ ဘယ်၂ ခါလောက် ရှိနေပြီ.. ဘယ်လို တရားစာအုပ်ကြီးတွေကို ဖတ်ပြီး ဘယ်ဆရာတော်တွေရဲ့ တ၇ားတော်တွေဆို အလွတ်တောင် ရနေပေါ့ဆိုပြီး ဘ၀င်လေဟပ် အပြောမျိုး အသိမျိုးဆိုလဲ ခက်ပြန်သေးတယ်.. တကယ်ပဲ အသိတွေကို ထပ်တူထပ်မျှ လိုက်နာကျင့်သုံးနိုင်ရင် အကောင်းဆုံးပဲမလား...
ဒေါသကိုပယ်ဖို့ ကြိုးစားနေကာမှပဲ ငါ့ကို ဟောင်ဖူးခဲ့တဲ့ ဒီခွေးဝဲစားက ခုမှ တိုက်တိုက်ဆိုင်ဆိုင် ရှေ့ရောက်လာနေတယ်.. တွေ့ရင် ခဲကြီးကြီးနဲ့ မှတ်လောက်အောင် ဆော်ထည့်လိုက်ဖို့ ကြံနေတာ..
အော် .. ငါသာ သူ့ကို ခဲနဲ့ပေါက်လိုက်ရင် ငါနဲ့ဆိုရင် ခွေး ၂ ကောင် ဖြစ်သွားတော့မယ်..
အယ် ဘယ်ကမလဲ.. ခွေးဝဲစားကလဲ .. သူတို့ ခွေးလမ်းသရဲက အုပ်စုတောင့်တော့ ငါ့ကိုများ မခန့်လေးစားနဲ့ .. ခဲကိုင်မလို့ပဲ ရှိသေး.. မာန်တွေဖီကုန်ကြပြီ.. လက်လှမ်းမီရာမှာလဲ တချက်ပေါက် အကုန်ပြေးလောက်တဲ့ တုတ်။ ခဲလဲ မတွေ့၊ ခွေးတွေ မာန်ဖီတဲ့အသံ ကြားရတာနဲ့တင် လူ့သိက္ခာ ကျကုန်ပြီ..
အဟမ်း အဟွန်း ဟေး သွားကြ သွားကြ..
ခွေးတွေက ခဲနဲ့ပေါက်ရင် ဟောင်ပစ်မယ် ကိုက်ပစ်မယ် ကြံထားကြတော့ ခုလို အသာတကြည် ဝေးဝေးသွားအောင် အော်ပီး မောင်းတာကို မယုံချင်သလိုလို.. နောက်မှ ပေစောင်း ပေစောင်းတွေနဲ့ အနီးအနားက မြေကြီးကုန်းနမ်း.. ဟိုတို့ ဒီတို့နဲ့ အာရုံပြောင်းပြီး ညောင်းသွားကြတယ်...
အင်းး.. ခွေးကိုက်၊ ခွေးဟောင်ဒဏ် လွဲသွားတာပေါ့..
နောက်ထပ်ကြုံလာရသမျှတွေကိုလဲ ခုလိုပဲ ဒေါသတွေ တတ်နိုင်သလောက် ထိန်းချုပ်ပြီး ဒေါသခွေးရူးတွေဆီကနေ ကင်းနိုင်သမျှ ကင်းမိလေရအောင် ရှောင်ကြဉ်နိုင်ခြင်းရဲ့ ကောင်းကျိုးတွေကို တကယ်ကြုံတွေ့ ခံစားရမိတော့မှပဲ ..
ခုတော့ တယ်မှန်ပါလားလို့ အသက်အရွယ်လေးနဲ့ ချိန်ညှိဆင်ခြင်ကြည့်တော့ သိလာပြီ ဖေဖေပေါ့..
January 30, 2013 at 6:07pm မှာ ရေးမိတယ်။