Friday, November 28, 2014

ဒေါသခွေးရူး


           နှစ်စဉ်ကျရောက်မြဲ မွေးနေ့ ရောက်လာပြန်တော့ ဟက်ပီးဘသ်ဒေး.. တူး ယူ ဆိုပြီး မွေးနေ့လက်ဆောင် မျှော်ရတဲ့ ရင်ခုန်မှုမျိုးထက် မွေးနေ့အထိမ်းအမှတ် အလှူအတန်း အကျွေးအမွေး လုပ်နေချိန်မှာ လူကြားထဲ အမရဲ့အသက်က ခု ဘယ်နှစ်နှစ် ပြည့်တာလို့ လာမေးရင် စိတ်ဆိုးသလိုလို သူများကြားမှာ စိုးသလိုလိုများ ဖြစ်နေဦးမှာလား.. 
           ဒီလိုဖြစ်နေသေးရင် စိတ်က မရင့်ကျက်သေးတာပဲလို့ ကိုယ့်ကိုယ်ကို မာန်ချိုးရသေးတယ်..
အသက်တနှစ် ပိုကြီးလာတာနဲ့အမျှ အသိ တစ်နှစ်စာ ပိုပြီး တိုးလာသလား..
 ဒေါသထွက်တာ၊ လောဘကြီးတာ၊ မောဟဖုံးနေတာ မကောင်းဘူးလို့ ဆရာတော်ကြီးတွေ ဆရာတော်လေးတွေ ဟောကြားသမျှ ဖတ်ကြားနားထောင်ဖူးတာတွေကို တကယ်ပဲ လိုက်နာကျင့်သုံးပြီး ပယ်ရှောင်နိုင်ပြီလားလို့လဲ ကိုယ့်ဘာသာ ပြန်သုံးသပ်ကြည့်လိုက်တဲ့သကာလ...
         ကိုယ့်ကို တည့်တည့်ဖြစ်စေ၊ ကွယ်ရာက ဖြစ်စေ မနာလိုစောင်းမြောင်း မကောင်းပြောတယ်လို့ သိလိုက်၇တဲ့ တဒင်္ဂမှာ အောင်မယ်.. ငါ့ကိုများ ဆိုပြီး ဒေါသထွက်ချင်သလိုလို ဖြစ်နေချင်သေးတယ်..
ဒါပေမယ့် ဒေါသကို အလိုလိုက်ပြီး ဟဲ့ ဘယ်သူ ဘယ်ဝါ ... ငါ့ကို ဘယ်တုန်းက ဘယ်နေရာမှာ ဘယ်လိုဖြစ်တယ်လို့ ဘယ်သူနဲ့ ပြောနေတယ်ဆိုတာ ဘယ်သူလာပြောလို့ ငါသိတယ်.. ဘာညာဆိုပြီး စိတ်နောက်ကိုယ်ပါ နှုတ်ပါ မလုပ်ဖြစ်အောင် ဒေါသမျို ထိန်းချုပ်မှုတော့ လုပ်နိုင်သွားတယ်ဆိုတော့ နောက်ဆက်တွဲ အကျိုးဆိုး ပေါ်မလာတော့ ဒုက္ခတမျိုး ငြိမ်းပါလားလို့...
       ဖေကြီးရဲ့အဆုံးအမ စကြားတုန်းကတော့ လက်မခံချင်ဘူးလေ....
 ဒေါသကို ထိန်းချုပ်ရတာဟာ မာနကို အစွယ်ချိုးခိုင်းနေတာပဲ.. လူညံ့ လူကြောက်ကြီးလို့ ထင်ကုန်ကြတော့မှာပဲဆိုပြီး လူကြားထဲ တထောင်ထောင် လုပ်ချင်စိတ်က မပျောက်သေးခင်မှာတော့ တော်တော် ခက်ခဲခဲ့တာပဲ..
          မှားသည်ဖြစ်စေ.. မှန်သည်ဖြစ်စေ.. စိတ်စွမ်းအား ကြီးတဲ့သူကသာ ခွင့်လွှတ်နိုင်တာ..
 ဒေါသထွက်တာကို ဂုဏ်ယူစရာတခုအနေနဲ့ ထင်နေတုန်းပဲဆိုရင် ငါ့သမီးစိတ်က ရင့်ကျက်တဲ့ လူကြီးစိတ် မဖြစ်လာသေးဘူး.. ကလေးပဲရှိသေးတယ်...
         ကလေးပဲ ရှိသေးတယ်ဆိုတာ ငယ်ရွယ်နုပျိုတာကို ဂုဏ်မောက်ဖို့ မဟုတ်ဘူး..
အသိဥာဏ်က ကလေးအဆင့်ပဲ ရှိသေးတယ်... လောကကြီးမှာ လူရာမ၀င်သေးဘူး...
          ဒေါသဆိုတာ အချိန်မရွေး ပေါက်ကွဲထွက်ဖို့ သိပ်လွယ်တယ်... ဒေါသမထွက်၇အောင် ထိန်းချုပ်ပြီး သည်းခံခွင့်လွှတ်နိုင်ဖို့ဆိုတာ သိပ်ခက်တယ်..
သမီးက လွယ်တာလိုက်ချင်လား.. ခက်ခဲတာကို ကြိုးစားအောင်မြင်ချင်လားတဲ့...

         စိန်ခေါ်မှုကို အနိုင်ရချင်တဲ့ဇောကလဲ ရှိနေပြန်သေးတော့ ထွက်ပစ်လိုက်ချင်တဲ့ဒေါသကို ဇက်နှိမ်ပြီး ထိန်းချုပ်ခဲ့ရတာ...  အင်း .. တကယ့်ကို မလွယ်ပါလား...
         ကိုယ့်ကိုယ်ကိုမှ မထိန်းချုပ်နိုင်ရင် သမီးတို့ ဘုရားတွေရှိခိုး.. ပုတီးတွေစိပ်လဲ အလကားပဲ ဘာညာ.. ရှည်လျားထွေပြား မနေမနား ဆုံးမစကားများကို မြန်မြန် ပြောလို့ပြီးပါစေလို့ ဆုတောင်းမိခဲ့တယ်ဆိုတာ မဟုတ်ပါဘူးလို့ ညာပြောရင်လဲ ဘယ်ယုံကြပါ့မလဲ..
         ဒေါသကိုထိန်းပြီ စိတ်နောက်ကိုယ်ပါ မလုပ်မိတော့ သူက ကျမကို ဘယ်လိုပြော ဘယ်လိုလုပ်လို့ မတရားတာကို လက်မခံနိုင်လို့ ဒီလိုဒီလိုတွေ ဖြစ်ရတာပါဆိုပြီး ပြသနာရဲ့ နောက်ဆက်တွဲတွေကို ရှုပ်နေစရာ မလိုတော့ဘူးပေါ့...
          ငါလိုလူမျိုးကို ဒီလိုပြောရင် ငါကလဲ ဒီလိုပြန်ပြောလိုက်မယ်.. အဲဒါကို ထောက်ပြီး ဘယ်လိုအသုံးအနှုန်းနဲ့ လာပြော၇င် ငါကလဲ ဘယ်လိုကို သူ့ချက်ကောင်းကို ကိုင်ပြီး ပြောပစ်မယ်..
ဟမလေးနော်.. မဖြစ်သေးခင် ကြိုတွေးပြီး စီစဉ်နေ၇တာနဲ့တင် တော်တော် အချိန်ပုပ်၊ အလုပ်မတွင် ... သူပဲမှားမှား ကိုယ်ပဲမှားမှား ... ပြသနာဖြစ်ပြီဆိုကထဲက ကိုယ့်အရှုံးပဲ.. ကိုယ့်အမှားပဲ..
         ဘာလို့ဆိုတော့ ပြသနာ ဖြစ်ချင်နေတဲ့သူရဲ့အကြိုက် ပြသနာဖြစ်ဖို့ လက်ခံလိုက်တဲ့အတွက်ပဲတဲ့.. ဒါကြောင့် ပြသနာကို.. ပြသနာဖြစ်မှာကို ရှောင်..
         ခွေးရူး ရှောင်သလိုကို ရှောင်... မရှောင်ပဲနဲ့ ခွေးရူးနဲ့ဖက်ကိုက်မှာလား... အကိုက်ခံ.. အထိခံမိရင် ခွေးရူးရောဂါ မဖြစ်အောင် ဆေးထိုးရမယ်.. ဝေဒနာရော ငွေကုန်တာရော ကိုယ်ပဲ ကြုံရမှာ...
        ဒီလိုပဲ စောင်းတာ မြောင်းတာ င့ါကြိုပသနာ သက်သက်ရှာတာ .. ငါ့အကြောင်း သိအောင်တော့ ပြရဦးမယ် ဆိုပြီး ခွေးရူး အရောဝင်သလို ပြသနာကို လက်ခံလိုက်ရင် ကိုယ်က မှန်လွန်းလို့ တွေ့ရာ ကောက်ဆွဲပြီး သေအာင်ကို ဆုံးမပေးလိုက်မယ်..
        ဟုတ်ပီ သေသွားတော့ရော.. တကယ်ပဲ ပြီးသွားသလား..
မှားနေတဲ့သူ့ကို အသေသတ်လိုက်တဲ့ ဆုလာဘ်က ဒေါသကို တဒင်္ဂ မထိန်းချုပ်လိုက်နိုင်တဲ့အတွက် ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့ အနာဂတ်တွေကို ထောင်ထဲမှာ မြှုပ်နှံလိုက်ရမှာ တကယ်ပဲ တန်ရဲ့လား...
မဟုတ်တဲ့ မာနကြောင့် ဒေါသကို မထိန်းချုပ်နိုင်ခြင်းရဲ့ နောက်ဆက်တွဲမှာ သူက အသက်သေ၊ ကိုယ်က ဘ၀သေ ဘယ်သူမှ အကျိုးမရှိဘူးတဲ့...

        တို့ကတော့ မရဘူး.. လာထား.. ဒေါသထွက်လာရင် မျက်စိထဲ ဘာမှ မမြင်တော့ဘူး.. နောက်မှ ကိုယ်မှားနေလို့ ထိုင်ရှိခိုးပဲ တောင်းပန်ရ တောင်းပန်ရ .. လောလောဆယ်တော့ ဒီလိုပြောပစ်ပြီး ဒီလိုကို တင်းထားမှဖြစ်မယ်ဆိုတဲ့သူတွေကလဲ အများသားကိုး... ဒေါသကို မထိန်းနိုင်ခဲ့ရင်.. ကိုယ့်ကို လာစော်ကားတယ်ဆိုတိုင်း တုံ့ပြန်ခဲ့ရင် နပိုလီယံလဲ စစ်ဘုရင် ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး.. အင်္ဂလန် နန်းလျာမင်းသားလဲ ဘယ်ဘုရင် ဖြစ်လာပါ့မလဲ... အသက်သာကြီးတယ် အသိမကြီးရင် အချိန်မစီးတဲ့ ချိမ်စီး ဖြစ်နေတတ်တယ်..

        ဘယ်လိုစာအုပ်မျိုးတွေ ဘယ်နှစ်အုပ်တောင် ဖတ်လာတာ.. သိပ်သိတာပေါ့လို့များ ကိုယ့်ကိုယ်ကို အထင်ကြီးနေတာကလဲ အသိကြီးဖို့ အတားအဆီးတခုပဲ... ဒေါသထွက်တာ မကောင်းမှန်းသိတာပဲ.. ဒေါသထိန်းဖို့ တရားထိုင်တာ ဘယ်၂ ခါလောက် ရှိနေပြီ.. ဘယ်လို တရားစာအုပ်ကြီးတွေကို ဖတ်ပြီး ဘယ်ဆရာတော်တွေရဲ့ တ၇ားတော်တွေဆို အလွတ်တောင် ရနေပေါ့ဆိုပြီး ဘ၀င်လေဟပ် အပြောမျိုး အသိမျိုးဆိုလဲ ခက်ပြန်သေးတယ်.. တကယ်ပဲ အသိတွေကို ထပ်တူထပ်မျှ လိုက်နာကျင့်သုံးနိုင်ရင် အကောင်းဆုံးပဲမလား...

       ဒေါသကိုပယ်ဖို့ ကြိုးစားနေကာမှပဲ ငါ့ကို ဟောင်ဖူးခဲ့တဲ့ ဒီခွေးဝဲစားက ခုမှ တိုက်တိုက်ဆိုင်ဆိုင် ရှေ့ရောက်လာနေတယ်.. တွေ့ရင် ခဲကြီးကြီးနဲ့ မှတ်လောက်အောင် ဆော်ထည့်လိုက်ဖို့ ကြံနေတာ..
 အော် .. ငါသာ သူ့ကို ခဲနဲ့ပေါက်လိုက်ရင် ငါနဲ့ဆိုရင် ခွေး ၂ ကောင် ဖြစ်သွားတော့မယ်..
အယ် ဘယ်ကမလဲ.. ခွေးဝဲစားကလဲ .. သူတို့ ခွေးလမ်းသရဲက အုပ်စုတောင့်တော့ ငါ့ကိုများ မခန့်လေးစားနဲ့ .. ခဲကိုင်မလို့ပဲ ရှိသေး.. မာန်တွေဖီကုန်ကြပြီ.. လက်လှမ်းမီရာမှာလဲ တချက်ပေါက် အကုန်ပြေးလောက်တဲ့ တုတ်။ ခဲလဲ မတွေ့၊ ခွေးတွေ မာန်ဖီတဲ့အသံ ကြားရတာနဲ့တင် လူ့သိက္ခာ ကျကုန်ပြီ..
      အဟမ်း အဟွန်း ဟေး သွားကြ သွားကြ..
 ခွေးတွေက ခဲနဲ့ပေါက်ရင် ဟောင်ပစ်မယ် ကိုက်ပစ်မယ် ကြံထားကြတော့ ခုလို အသာတကြည် ဝေးဝေးသွားအောင် အော်ပီး မောင်းတာကို မယုံချင်သလိုလို..  နောက်မှ ပေစောင်း ပေစောင်းတွေနဲ့ အနီးအနားက မြေကြီးကုန်းနမ်း.. ဟိုတို့ ဒီတို့နဲ့ အာရုံပြောင်းပြီး ညောင်းသွားကြတယ်...
အင်းး.. ခွေးကိုက်၊ ခွေးဟောင်ဒဏ် လွဲသွားတာပေါ့..
      နောက်ထပ်ကြုံလာရသမျှတွေကိုလဲ ခုလိုပဲ ဒေါသတွေ တတ်နိုင်သလောက် ထိန်းချုပ်ပြီး ဒေါသခွေးရူးတွေဆီကနေ ကင်းနိုင်သမျှ ကင်းမိလေရအောင် ရှောင်ကြဉ်နိုင်ခြင်းရဲ့ ကောင်းကျိုးတွေကို တကယ်ကြုံတွေ့ ခံစားရမိတော့မှပဲ ..
ခုတော့ တယ်မှန်ပါလားလို့ အသက်အရွယ်လေးနဲ့ ချိန်ညှိဆင်ခြင်ကြည့်တော့ သိလာပြီ ဖေဖေပေါ့..

January 30, 2013 at 6:07pm မှာ ရေးမိတယ်။

ဟဒယရွှင်ဆေး

တရက်ပေါ့...... ရုံးက ထမင်းစားပွဲမှာ ဟာသအကြောင်းတွေ ပြောဖြစ်ရင်း မြန်မာ့အသံက ဟဒယရွှင်ဆေးအကြောင်း ရောက်သွားတယ်.... တခါ ရယ်စရာ ပြောလိုက်တိုင်း အနောက်ကနေ တဟားဟား လိုက်ရယ်သံတွေအကြောင်းလဲ သတိတရ ရှိသွားလို့ အလုပ်ဟောင်းရဲ့ အတွေ့အကြုံတွေတောင် ပြောပြဖြစ်သေးတယ်။ ထမင်းဝိုင်းက မိတ်ဆွေတွေနဲ့ပေါ့။ မြန်မာ့အသံမှာ အလုပ်ဝင်စတုန်းက အသံလွှင့်ဌာနခွဲအောက်မှာ တရက်ထဲ အတူတူ အလုပ်ဝင်ကြတဲ့သူတွေ ကျမ အပါအ၀င် ၁၁ ယောက်ပေါ့။ စစချင်းဆိုတော့ အလုပ်တာဝန် သေချာ မရှိသေးပဲ.... တပတ် ၂ ပတ်လောက် ဌာနတွင်းသင်တန်း တက်ရင်း ယောင်တောင်ပေါင်တာင်တွေပေါ့.... ဓာတ်ပြားတိုက်မှာ သီချင်းတွေ စာရင်းထည့်ထားတဲ့ စာအုပ်ကြီးတွေကို ကိုင်ကြည့်ကြ၊ လှန်ကြည့်ကြ၊ ကိုယ်သိတဲ့ သီချင်းခေါင်းစဉ်မျိုးဆို လိုက်ဆိုကြည့်ကြ... သီချင်းခေါင်းစဉ် နောက်တမျိုးတွေ့လို့ သီချင်းနောက်တမျိုး ပါးစပ်ထဲရောက်ပြီး နောက်တပုဒ်ပြောင်းဆိုကြ.. ပထမသီချင်းကို ခံစားလိုက်ဆိုနေတဲ့သူက ထပြီး စိတ်ကောက်သလို ပြောကြ ဆိုကြနဲ့.... နောက် စီနီယာတွေ အသံသွင်းဖို့ရှိတယ်ဆိုရင်လဲ တပြုံကြီး လိုက်ကြည့်ကြ.. စတူဒီယိုထဲမှာ အင်ဂျင်နီယာခန်းနဲ့ အသံသွင်းသမား ထိုင်ခန်း ဆိုပြီး ရှိရာမှာ အဲဒီအခန်းထဲက ပစ္စည်းတွေအကြောင်း အထူးအဆန်း မေးကြည့်.. ကိုင်ကြည့်.. ရီးလ်တိပ်ရီကော်ဒါကို ခလုတ်နှိပ်ကြည့်.. ပိတ်ကြည့်ကြနဲ့... သတင်းပက်ကေ့ခ်ျအစီအစဉ် သွင်းမယ့်သူကလဲ သူ့အသံ သွင်းမယ့် တိပ်တခွေကို အင်ဂျင်နီယာကိုပေးပြီး.. သူက ဖတ်မယ့် သတင်းစာရွက်တွေကိုင်ပြီး အောက်က အသံသွင်းခန်းထဲ ၀င်သွားရော.. မိုက်ကရိုဖုန်းရှေ့ ကျကျနန ထိုင်ပြီး on air မီးလင်းလာတာနဲ့ ဖတ်စရာ ရှိတာ ဖတ်ရောပေါ့.. အဲဒီမှာ ကျမတို့တွေက အသံတွေ၊ ဟန်တွေကို သတိထား လေ့လာ ဆွေးနွေးကြတာပေါ့... သတင်းဖတ်တဲ့အသံက တည်တည်ငြိမ်ငြိမ်.. ဆောင်းပါးတို့ ဘာတို့ဖတ်ရင် နားထောင်သူကို တိုက်ရိုက်ပြောနေသလို အသံထား... ရေဒီယိုဇာတ်လမ်းတို့ ဘာတို့ဆိုရင် ဇာတ်ကောင်စရိုက်အလိုက် mood တွေ ဘာတွေ သွင်းပြီး အသံနဲ့ သရုပ်ဆောင်ရတာမျိုးပေါ့... စီနီယာတွေကလဲ ရှင်းပြ၊ သင်ပြကြပါတယ်... လက်တွေ့လဲ အသံသွင်းတာ လေ့ကျင့်ပေးကြတယ်.. ကြိုသွင်းကြည့်တာမျိုးဆိုပေမယ့် စိတ်ထဲမှာ တကယ်ပဲ တိုက်ရိုက် အသံလွှင့်နေသလိုမျိုး အမှားမရှိအောင်၊ တတ်နိုင်သမျှ အမှားနည်းအောင်.. အမှားရှိသွားတယ်ဆိုရင်လဲ ဖတ်နေတာကို ရုတ်တရက် ပျက်မသွားရအောင် ထိန်းပြီး ရှေ့ဆက် တည်တည်ငြိမ်ငြိမ် ဖတ်နိုင်အောင်တွေကို လေ့ကျင့်ပေးကြပါတယ်.. မြန်မာ့အသံမှာက သတင်းဆိုရင် တိုက်ရိုက် အသံလွှင့်တာဆိုတော့ ဒီလိုလေ့ကျင့်မှုတွေ နာနေမှ တကယ့်တာဝန်ချိန်မှာ အမှားအယွင်းမရှိ... အထစ်အငေါ့ မဖြစ်ပဲ လွှင့်နိုင်မှာလေ... မြန်မာ့အသံ ရေဒီယို အစီအစဉ်တွေကလဲ နေ့အလိုက် များမှများကိုး... ကျမတို့လို အလုပ်ဝင်စ အလုပ်သင်တွေအဖို့တော့ အသံလွှင့်အစီအစဉ်တခုခုထမြှာ ပါတဲ့ အသံအပိုင်းအစလေးတွေကို ကူဖတ်ပေးရတာ တော်တော်ကို ပျော်စရာ ကောင်းပါတယ်... သောတရှင်အတွက် ပြန်ကြားချက်အစီအစဉ် ဆိုရင် မြန်မာ့အသံကို ပေးပို့လာတဲ့ စာတွေကို ဖတ်ပေးရတာပေါ့.. ယောက်ျားလေးက ပို့တဲ့စာဆိုရင် ယောက်ျားသံနဲ့ ဖတ်ပေး.. မိန်းကလေးနာမည်နဲ့ ပို့လာရင် မိန်းကလေးသံနဲ့ဖတ်ရတာပေါ့.. အဖြေကိုတော့ အဲဒီအစီအစဉ်တာဝန်ယူတဲ့ အန်ကယ်ဦးတင်လှက ဖတ်ပေါ့... နောက် တခြားရေဒီယိုဇာတ်လမ်းတို့.. သရုပ်ဖော်ဇာတ်လမ်းတို့အတွက် အသံလေးတသံလောက် ၀င်ကူဖတ်ပေးပါဆိုရင်လဲ ဖတ်တာပဲပေါ့... အဓိကဇာတ်ဆောင်နေရာတော့ မဟုတ်ဖူးပေါ့... ဟောဒီက ပဲပြုတ်တို့.. အကြော်စုံ ပူပူနွေးနွေး... တို့လောက်ပေါ့.. ကျမတို့က ဂျူနီယာလေးတွေပဲ ရှိသေးတာကိုး.. ဒါပေမယ့်လဲ အထင်တော့ မသေးနဲ့.. ၀န်ထမ်းလုပ်သက်အရ ခုမှဝင်လို့ အသစ်ပဲ ဖြစ်သေးပေမယ့် ၀ါသနာအရင်းခံပြီး ၀င်လာကြတော့ သဏ္ဍာန်လုပ် သရုပ်တူအောင် အသံနဲ့ ပုံဖော် သရုပ်ဆောင်နိုင်ကြတာနော..  နောက်တော့လဲ သူငယ်ချင်းခန်းတို့.. ညီအမခန်းတို့မှာ များများဖတ်ရတာတွေလဲ ရှိလာတာပေါ့... အဲ.. ပြောချင်တာက ခုမှရောက်တယ်.. တနေ့တော့ ဦးစီးအရာရှိ အပျိုကြီးအန်တီ.. ဆောရီး.. မမ.. မမ.. အပျိုကြီးမမ အရာရှိက လာခေါ်တယ်.. အသံသွင်းတာ လူလိုနေလို့ လိုက်ခဲ့ကြပါဦးတဲ့... များလေ ကောင်းလေ ဆိုပဲ... စတူဒီယိုထဲသို့ ဂိုးကြတာပေါ့လေ... အဲဒီမှာ အနုပညာရှင်တယောက်နဲ့ မိတ်ဆက်ပေးတယ်.. ဟာသပညာရှင်လေ.. ခုတော့ နာမည်မေ့သွားပြီ.. ရေဒီယိုထဲမှာ ဟဒယရွှင်ဆေး အစီအစဉ်ဆိုရင် ကြားနေကျအသံပဲ.. အပြင်မှာ မြင်ရတော့ မျက်နှာက တည်တည်တံ့တံ့ သန့်သန့်ပြန့်ပြန့်.... အားလုံးကို သူကလဲ ပြုံးပြနှုတ်ဆက်တယ်... အပျိုကြီးမမက ပြောတော့ ဟဒယရွှင်ဆေး အသံသွင်းဖို့တဲ့.. ပြက်လုံးပြီးရင် နောက်ကနေ လိုက်ရီပေးရမယ်နော်တဲ့... ကြားကြားချင်းမှာပဲ.. အဟိ ဆိုပြီး ရီသံက ထွက်သွားတော့ ဧည့်သည်အနုပညာရှုင်ကို အားနာမိသလို လှမ်းကြည့်မိတော့ နားလည်ပြုံး ပြုံးပြတယ်.. သူတို့ကတော့ ဒါမျိုးတွေ ရိုးဟိုးဟိုးပေါ... ရေဒီယိုပရိသတ်ဆိုရင် ဟဒယရွှင်ဆေးအခန်းမှာ ရီစရာပြောပြီးပြီ ဆိုတာနဲ့.. လူတွေအများကြီးက ပြက်လုံးတခါဆုံးတိုင်း ရီသံတွေ ထွက်လာတာ ကြားဖူးကြမှာပေါ့... အိမ်မှာ မောင်နှမတွေ စိတ်တွေရွှင်နေချိန် ဟဒယရွှင်ဆေး အသံလွှင့်ချိန်နဲ့ တိုးလို့ကတော့ အဲဒီရီသံတွေအတိုင်း လိုက်တုပြီး အပြိုင်အဆိုင် ရီကြတာလေ.. ဆူလွန်းလို့ မေကြီးကတောင် မျက်စောင်းထိုးတတ်သေး.. ဖေကြီးကတော့ သားသမီးတွေ လုပ်တာ အကုန်ကောင်း ဆိုပြီး တပြုံးပြုံးနဲ့ပေါ့.. ဟော .. ခုတော့ တကယ် ရီပေးရတော့မှာတဲ့... အုပ်စုထဲက အိုပါးကတော့ ရတယ်.. ရီပေးမယ်.. ဒီလိုရီတာလား... ဟားဟားဟား... ဟိုလိုရီတာက ဒီလိုမျိုး ဟိုးဟိုးဟိုးနဲ့.. အသံမသွင်းခင်မှာ သူ လုပ်ပြတာကို ၀ိုင်းရီလိုက်ကြသေးတယ်... အင်ဂျင်နီယာက အချိန်တွေ ဘာတွေ ချိန်လို့ပြီးတော့ စမယ်ဆိုတာနဲ့ အဲဒီဟာသပညာရှုင် ဦးလေးကြီးက စပြီး အသံသွင်းပါလေရော... ပြက်လုံးတခု ပြီးခါနီးလို့ ရီတဲ့အသံတွေ လာတော့မယ်ဆိုရင် သူ့ပြက်လုံး ဆုံးခါနီးကို ကီးအမြင့် အသံအမြင့်ကို တဖြည်းဖြည်း တင်ပြီး သူ့ဝါကျကို အဆုံးသတ်တာလေ.. လက်ကလဲ အချက်ပြတဲ့အချိန်မှ စရီကြရတော့တာပဲ... အဲဒီအခါကျမှ ရီရတာလဲ မလွယ်ပါလားလို့ သဘောပေါက်သွားတယ်... ကိုယ့်ဘာသာ စိတ်လွတ်လက်လွတ်နဲ့ဆို အသံထွက် ရီမိမှာဖြစ်ပေမယ့် ခုလို တမင်ကြီး ရီရဖို့ဆိုတာ အသက်မပါပဲ ရီသံကြီးလို ဖြစ်သွားတာ ကိုယ့်ကိုယ်ကို သတိထားမိလိုက်တယ်.. နောက်ပြီး မိန်းကလေးက ၇ ယောက် ယောက်ျားလေးက ၃ ယောက်မှာ ရှက်တတ်လို့ အသံမထွက်တာ၊ နဂိုအသံတိုးသမားလဲ ရီတာ အသံမထွက်.. ကျမကလဲ ရီစရာရှိရင် မျက်နှာကသာ အစွမ်းကုန် ရီနေတာ အသံက သိပ်မထွက်... ရီပါဆိုရင် အသံက သိပ်မထွက်.. တခန်းပြီးလို့ နောက်တခန်း ဆက်ပြီး ဟာသပညာရှင်ရဲ့ တစ်ကိုယ်တော် ဟဲနေတဲ့အချိန်ဆိုရင်တော့ .. ခုနက ရီတဲ့အသံ.. ရီတဲ့အကြောင်း.. မျက်နှာထားတွေ ပြောင်စပ်စပ်တွေ ဖြစ်နေတာကို သတိပြန်ရပြီး ရီချင်တာ.. ပညာရှုင်ရော.. ကိုယ့်အဖွဲ့တွေရောက အားလုံးတူတူ တခန်းထဲမှာပဲဆိုတော့ ကိုယ့်ကြောင့် ဧည့်သည် အသံသွင်း အနှောင့်အယှက် ဖြစ်မှာစိုးလို့ ရီချင်စိတ်ကို မနည်း ထိန်းချုပ်ထားရပေမယ့်.. အောင့်မရပဲ တချက် တချက် .. အဟိ အဟိ နဲ့ အသံက ထွက်နေသေး.. အရာရှိမမကြီးက မျက်စောင်းထိုးချင်လာတဲ့ မျက်နှာပေးနဲ့... အဲလိုနဲ့ပဲ လက်ပြလိုက်ရင် ရီကြပါလေရော... ရီသံဆုံးရင် နောက်တခန်း ဆက်ပြီး ပြက်လုံး ထုတ်ရော... ပြက်လုံးဆုံးရင် တခါ ရီပေးရပြန်ရော.. ရီရတာလဲ မောလိုက်ထှာနော်... အသံသွင်းလို့လဲပြီးရော... ကူညီရီပေးတာကို ကျေးဇူးတင်ပါတယ်ဆိုပြီး  နှုတ်ဆက်လိုက်တော့ ရီမောပြီး စတူဒီယို အပြင်ထွက်ကြရော.. အပြင်လဲရောက်ရော အားလုံး မတိုင်ပင်ထားပဲ.. တယောက်ချင်းစီရဲ့မျက်နှာတွေ ကြည့်ကြရင်းနဲ့ တဟားဟား ရီလိုက်ကြတာ .. တကယ့်ရီသံက အသံသွင်းတုန်းကထက် ပိုပြီးတောင် ကျယ်ပါသေး... ပြီးတော့ ခုနက ရီသံ အသံသွင်းတုန်းက ဘယ်သူက ဘယ်လိုရီလိုက်တာ... ဘယ်သူ့ရဲ့မျက်နှာကတော့ ဘယ်လိုဖြစ်သွားတာ... လုပ်ရီ ရီတာကနေ တကယ်ရီချင်သွားပြီး တော်တော်နဲ့ ပြန်မထိန်းနိုင်လို့ ဟိုဦးလေးကြီး အသံသွင်းနေချိန်မှာ တဟိဟိ နဲ့ ရီသံထွက်နေတာတွေ .. စသဖြင့် ပြန်ပြောလိုက်.. ရီလိုက်.. ကျမတို့အုပ်စုနားကနေ ဖြတ်သွားတဲ့သူတွေလဲ ဘာတွေရီနေကြတာလဲ ဒီအဖွဲ့တွေဆိုပြီး ရီမောနေတဲ့ ကျမတို့အုပ်စုက ပြောစကားတွေကို စိတ်ဝင်တစား နားထောင်ရင်း သူတို့လဲ ရောရီလိုက်ကြနဲ့.. တော်တော်ကို ရီရတဲ့ နေ့လည်ခင်းလေး ဖြစ်သွားခဲ့တာ အမှတ်ရမိပါသေး.. ပြောရင်တော့ ကြာပီပေါ့.. ၁၀ နှစ်ကျော်လို့ လွန်ခဲ့တဲ့ ၁၃ နှစ်က အဖြစ်အပျက်တွေ...
February 8, 2013 at 8:19am နေ့က အမှတ်တရ ပြန်ရေးတင်တာ။

ကိုယ်တွေ့သရဲ


၂၀၀၁ မြန်မာ့အသံမှာ ရေဒီယိုအနောင်ဇာ စလုပ်တုန်းက ၀န်ထမ်းသစ်တွေကြား သရဲဇာတ်လမ်းတွေ တော်တော်ကို ခေတ်ထလိုက်ပါရဲ့.. ၀န်ထမ်းသစ်ကလေးတွေဖြစ်တဲ့ ကျမတို့ကို ရှေ့က စီနီယာ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ တွေက လုပ်ငန်းဆိုင်ရာ သိသင့်သိထိုက်တာတွေကို လက်ဆင့်ကမ်းကြတဲ့အခါ အဲဒီသရဲဇာတ်လမ်းတွေလဲ လွှဲပြောင်းပေးကြပါလေရော... ဘာတဲ့ အနီမ တဲ့... တကိုယ်လုံး အနီရောင်ဝတ်ထားတဲ့ သရဲမတဲ့.. သူ့အဆင့်ကလဲ တော်တော်မြင့်နေပြီဆိုပဲ... တိုင်းရင်းသားအနောင်ဇာမမ တယောက်က ပြောတယ် ..အဲဒီအနီမက သံခမောက်ဆောင်း အဆင့်တဲ့.. ဘာတုန်းပေါ့.. မေးကြည့်တော့ သူတို့ဟာ မလွတ်မကျွတ်ချင်တော့လို့ ကုသိုလ်ကောင်းမှု အမျှဝေတာကို သာဓု မခေါ်တော့ပဲ သရဲဘ၀နဲ့ သက်တမ်း ရင့်လာတော့ တော်ရုံ ကြောက်ကြောက်လန့်လန့်နဲ့ ကပေါက်တိ ကပေါက်ချာ ဘုရားစာ ရွတ်ရင်တောင် မဖြုံတော့ဘူးဆိုပဲ.. ဘုရားစာတောင် ဖြောင့်အောင် မဆိုနိုင်ရင် ဘယ်သရဲက အရေးထားပြီး ကြောက်မှာလဲနော်.. အဲဒီတော့ ဘုရားစာကို အသံထွက် အဖြတ်အတောက်မှန်မှန် ဆိုနိုင်ဖို့အရေးကြီးတယ်ဆိုတာ စိတ်ထဲ alarm ပြထားဖြစ်လိုက်တယ်.. တကယ်ပဲ အဲလောက်တောင် စွမ်းသလားလို့ ဌာနစိတ် မတူတဲ့ ၀န်ထမ်းတွေကြား မေးကြည့် မြန်းကြည့် နားစွင့်ပြီး စနည်းနာကြည့်တဲ့အခါ သူတို့လဲ ကိုယ်တိုင် မကြုံဖူးပေမယ့် ကြားထားဖူးသမျှတွေကို မြိန်ရေယှက်ရေ ပြန်ပြောကြတာတွေ... မျက်စိထဲ အကွင်းအကွင်းကို ပုံပေါ်လာတော့တာပဲ.. စိတ်ဝင်စားပြီး လိုက်မေးရတာကလဲ အကြောင်းရှိတယ်လေ.. ကိုယ်က သရဲဆို ကြောက်တတ်လိုက်တာ.. ဒါပေမယ့် သရဲကားကလဲ အိမ်မှာ မောင်နှမတွေ ဆုံရင် ဗီဒီယိုခွေ ငှားကြည့်သလား မမေးနဲ့... မောင်နှမတွေကြားမှာ သရဲကားကြည့်ရင်း ကြောက်ရတာကလဲ အရသာတမျိုး.. ဖေကြီးလဲ သရဲကား တူတူလာကြည့်ရင် ဇိမ်တော့ နည်းနည်း ပျက်တယ်... ဖေကြီးက ပြောနေတာလေ.. သရဲကားမှာ မိတ်ကပ်နဲ့ မီးအလင်းအမှောင်နဲ့ နောက်ခံအသံနဲ့ ဘယ်လို ဘယ်ချမ်းသာဆိုပြီး ပြောတော့ ကြောက်စိတ်က နဲနဲပေါ့သွားတယ်... ကြောင်ရတဲ့ အရသာလဲ နဲနဲပေါ့သွားတယ်.. အာ.. ဖေကြီးက သရဲကားကို ဇိမ်ပျက်အောင် လာပြောနေပြန်ပီဆိုပြီး... မြန်မာ့အသံထဲက နာမည်ကြီး သရဲကလဲ ကိုယ်မမြင်ဖူးပေမယ့် သရဲရုပ်ရှင်တွေထဲကလို ဖြစ်မလား... ရုံးမှာ မနက်ပိုင်းဂျူတီ ညပိုင်းဂျူတီတွေဆို လူရှင်းနေတဲ့အချိန်ဆို ဟိုအခန်းအကွယ်ထောင့်က.. စတူဒီယိုမှန်တံခါးနောက်က.. ဟိုးချောင်ထဲ အမှောင်ထဲ စတူဒီယို အီးတို့ အဖ်တို့ကို လှမ်းကြည့်မိလိုက်ရင် ဘယ်လိုပုံစံနဲ့များ လှမ်းမြင်မိမှာလဲ ဆိုပြီး ရင်တခုန်ခုန်နဲ့ ကြောက်တဲ့ကြားကပဲ သရဲကို မျှော်နေမိသလို ဖြစ်နေတော့တယ်... အဆောင်မှာနေနေတုန်းကလဲ အဆောင်နဲ့ကပ်ရပ် တီဗီရုံးခန်းအပြင်ဘက်မှာ ဒီဂျီရဲ့ကားသမား ဦးသက်လွင်တယောက် ရုံးနောက်ဘက်မှာ အ၀ါလိုလိုနဲ့မြင်လိုက်သလိုရှိလို့ အနီးအနားတွေ့တဲ့ သစ်သားတုတ် ဆွဲပြီး တ၀ုန်းဝုန်း ရိုက်သံတွေကြားရတော့လဲ ကြောက်ရပြုရ ဖြစ်လိုက်ရသေး.. ရုံးတွင်းသရဲဇာတ်လမ်းတွေကလဲ အများသား... ဒီရုံးကြီးကို ဒီအလုပ်ကို ချစ်လွန်းပီး စိတ်တွေစွဲပြီး မကျွတ်မလွတ်ကြတာက ဘယ်လို ဆိုပြီး... စနေလား တနင်္ဂနွေလား.. အများပြည်သူ ပိတ်ရက်ကြီးမှာ မနက်ဂျူတီကျပါလေရော.. မနက် ၇ နာရီခွဲလောက် ဂျူတီဝင်နိုင်ဖို့ ခေါင်းကိုလဲ အစောကြီး ထလျှော်ရသေး.. မနက် ၉ နာရီခွဲ ရေဒီယိုဂျူတီပီးတော့တောင် လျှော်ထားတဲ့ဆံပင်က မခြောက်သေးတော့ ဖားလျားချထားရတာပေါ့လေ... ခေါင်းကစိုစိုနဲ့ အဲကွန်းခန်းထဲ အသံလွှင့်ဖို့ ဂျူတီဝင်တော့ မေကြီးအနွေးထည် သိုးမွေးအနီရောင်လေးလဲ ၀တ်ထားရတာပေါ့... အသံလွှင့်ဂျူတီလဲပီးရော.. အသ့ဖမ်း အင်ဂျင်နီယာအမတွေလဲ အသံလွှင့်ခန်းထဲကထွက်ပြီး သူတို့နားနေခန်းမှာ ထမင်းသွားစားဖို့ ထွက်သွားကြတယ်.. ကိုယ့်စားပွဲပြန်ရောက်လို့ လွှင့်ခဲ့တဲ့ သီချင်းခွေတွေ၊ ဓာတ်ပြားတွေ၊ ရီးလ်တိပ်ခွေတွေ သူ့နေရာသူ ပြန်ထားဖို့ စစ်ကြည့်လိုက်တော့ နောက်ဆုံး တီးခဲ့တဲ့ သီချင်းခွေ လိုနေတယ်တော့.. စတူဒီယိုထဲ ကျန်ခဲ့တာ သွားပြန်ယူ၇တာေါ့လေ.. အခန်းကိုဖွင့်လိုက်တော့ ဘယ်သူမှ မရှိ.. ကြောက်စိတ်ကို အားတင်းပြီး သီချင်းခွေ ပြန်ရှာ၇တယ်.. တော်သေးတယ်.. အင်ဂျင်နီယာ အမက ဓာတ်ပြားစက်ပေါ် တင်ထားပေးလို့.. အသံလွှင့်ခန်းလေး မီးပိတ်ထားလို့ မှန်မှာ ကိုယ့်ရဲ့ ဆံပင်ဖားလျားပုံ ပေါ်နေတာ မျက်ရိပ်ထောင့်ကနေ တွေပပေမယ့် ကိုယ့်ပုံကိုယ်တောင် ရဲရဲ မကြည့်ရဲဘူး.. တော်ကြာ ကြည့်ဖူးခဲ့တဲ့ သရဲကားထဲကလို မဟုတ်တာတွေ မြင်နေမစိုးလို့လေ.. အမြန်လေးပဲ အခွေကိုယူပြီး အခန်းပြင်ထွက်ဖို့ လော့ခ်ကိုလှည့်လိုက်တာ.. ထပ်.. လော့က ကျပ်သလိုလေး.. အားစိုက်လှည့်လိုက်တော့မှ လည်သွားပြီး ကလစ်...တဲ့.. တံခါးမှန်ကွက်လေးကနေ လူတယောက်ကပ်ပီး ဖြတ်သွားတာတွေ့လို့ ခဏ စောင့်လိုက်ရသေးတယ်.. မစောင့်ရင် တ့ခါးအဖွင့်မှာ အပြင်ကလူကို တံခါးနဲ့ရိုက်မိသလိုဖြစ်မှာ အားနာစရာကြီးလေ.. သူ ကျော်သွားမှ တံခါးဖွင့်ပြီး ထွက်ရတယ်.. နောက်လှည့်မကြည့်တမ်း အပြင်ထွက်ပြီး တံခါူးလက်ကိုင်ဘုကို လက်ကလွှတ်လိုက်တော့ ခပ်လေးလေးပင်ပင် တံခါးကြီးက ဂျိမ်းကနဲပဲ ကိုယ် မပြောနဲ့ အရှေ့လေးက သွားတဲ့လူတောင် လန့်ပီး လှည့်ကြည့်တယ်... အနောက်ကကြည့်တော့ အရွယ်ပိန်သေးသေးမို့ ကိုယ့်ထက်များ ငယ်မလားထင်တာ.. သူ့မျက်နှာမြင်မှ ကိုယ့်ထက် အသက်ကြီးတယ်လေလို့ မှတ်လိုက်တယ်.. သူ့မျက်နှာက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ လန့်နေသလိုပဲလို့ ထင်ပီးတောင် ပြန်ကြည့်သေးတယ်... သူ့ကြည့်မှန်းသိလို့ ခေါင်း ရှေ့ပြန်လှည့်သွားတော့ ကိုယ်လဲ အသံသွင်းခန်းထဲက ကြောက်ပြီး ထွက်လာတာ အပြင်မှာ လူတွေ့တော့ အားတောင်ရှိသွားတယ်..  အသားဖြူဖြူ ပိန်သေးသေး.. မျက်စိနဲနဲကျယ်တဲ့ ဦးကြိုင်ကို သဘောကောင်းတဲ့သူမှန်း နောက်မှ သိရတာ.. အဲဒီတုန်းကတော့ ဦးကြိုင်ကလဲ ၀န်ထမ်းသစ်ဖြစ်တဲ့ ကိုယ့်ကို မသိဘူးလေ.. ဦးကြိုင်က နောက်တခေါက် ပြန်လှည့်ကြည့်တယ်.. ကိုယ့်ကိုပဲ .. ဘာဖြစ်တာလဲဟပေါ့.. ကိုယ်က သူ့နောက်ကနေ ခြေလှမ်းမှန်မှန် ခြေသံလုံလုံ ထမီခတ်သံ တဘုတ်ဘုတ်နဲ့ပေါ့... စတူဒီယူကြီးရဲ့ မှန်တံခါး သူအရင်ဖွင့်ပြီး ထွက်သွားတယ်.. ကိုယ်လဲ မလှမ်းမကမ်းကနေ ပါလာတာဆိုတော့ ကိုယ်လဲ လိုက်ထွက်တယ်.. သူ ပြန်လှည့်ကြည့်တယ်.. အပြင်ထိ လိုက်လာတယ်ပေါ့... အပြင်ရောက်တော့ ဓာတ်ပြားတိုက်ဝန်ထမ်းတယောက်က သူတို့တံခါး မဖွင့်သေးလို့ အပြင်မှာ ၇ပ်စောင့်နေတယ်.. သူနဲ့ နည်းနည်းတော့ ရင်းနှီးတော့ သူက ပြုံးပြီး ၈ျူတီ ပြီးပြီလားတဲ့ နှုတ်ဆက်တယ်.. ဟုတ်. ပြီးပြီလို့ ကိုယ်က ပြန်ပြောတော့ အဲဒီဦးကြိုင် ခဏ ရပ်လိုက်ပြီး ခေါင်းလှည့်ပြီး မေးတယ်... သမီးက ၀န်ထမ်းသစ်လားတဲ့.. ဟုတ်ကဲ့လို့ ... အော် အေး အေး ဟုတ်ပီ ဟုတ်ပီ ဆိုပြီး အဲဒီတော့မှ စိတ်ချလက်ချ ပြုံးပြတယ်... ချက်ချင်း သဘော မပေါက်ပေမယ့် နောက် တရက် ၂ ရက်ကြာတော့ အချင်းချင်း စကားကြုံပြောရင်း သရဲအကြောင်း ရောက်ကာမှ ဦးကြိုင်က အနီရောင်သိုးမွေးအက်ျီ ဆံပင်ဖားလျားနဲ့ ကိုယ့်ကို သရဲမ လို့ ထင်နေသကိုး...

January 29, 2013 at 6:02pm (အမှတ်တရ ပြန်ရေးတဲ့ရက်စွဲ)