၂၀၀၁
မြန်မာ့အသံမှာ ရေဒီယိုအနောင်ဇာ စလုပ်တုန်းက ၀န်ထမ်းသစ်တွေကြား
သရဲဇာတ်လမ်းတွေ တော်တော်ကို ခေတ်ထလိုက်ပါရဲ့.. ၀န်ထမ်းသစ်ကလေးတွေဖြစ်တဲ့
ကျမတို့ကို ရှေ့က စီနီယာ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမ တွေက လုပ်ငန်းဆိုင်ရာ
သိသင့်သိထိုက်တာတွေကို လက်ဆင့်ကမ်းကြတဲ့အခါ အဲဒီသရဲဇာတ်လမ်းတွေလဲ
လွှဲပြောင်းပေးကြပါလေရော... ဘာတဲ့ အနီမ တဲ့... တကိုယ်လုံး အနီရောင်ဝတ်ထားတဲ့
သရဲမတဲ့.. သူ့အဆင့်ကလဲ တော်တော်မြင့်နေပြီဆိုပဲ...
တိုင်းရင်းသားအနောင်ဇာမမ တယောက်က ပြောတယ် ..အဲဒီအနီမက သံခမောက်ဆောင်း
အဆင့်တဲ့.. ဘာတုန်းပေါ့.. မေးကြည့်တော့ သူတို့ဟာ မလွတ်မကျွတ်ချင်တော့လို့
ကုသိုလ်ကောင်းမှု အမျှဝေတာကို သာဓု မခေါ်တော့ပဲ သရဲဘ၀နဲ့ သက်တမ်း ရင့်လာတော့
တော်ရုံ ကြောက်ကြောက်လန့်လန့်နဲ့ ကပေါက်တိ ကပေါက်ချာ ဘုရားစာ ရွတ်ရင်တောင်
မဖြုံတော့ဘူးဆိုပဲ.. ဘုရားစာတောင် ဖြောင့်အောင် မဆိုနိုင်ရင် ဘယ်သရဲက
အရေးထားပြီး ကြောက်မှာလဲနော်.. အဲဒီတော့ ဘုရားစာကို အသံထွက်
အဖြတ်အတောက်မှန်မှန် ဆိုနိုင်ဖို့အရေးကြီးတယ်ဆိုတာ စိတ်ထဲ alarm
ပြထားဖြစ်လိုက်တယ်.. တကယ်ပဲ အဲလောက်တောင် စွမ်းသလားလို့ ဌာနစိတ် မတူတဲ့
ဝန်ထမ်းတွေကြား မေးကြည့် မြန်းကြည့် နားစွင့်ပြီး စနည်းနာကြည့်တဲ့အခါ
သူတို့လဲ ကိုယ်တိုင် မကြုံဖူးပေမယ့် ကြားထားဖူးသမျှတွေကို မြိန်ရေယှက်ရေ
ပြန်ပြောကြတာတွေ... မျက်စိထဲ အကွင်းအကွင်းကို ပုံပေါ်လာတော့တာပဲ..
စိတ်ဝင်စားပြီး လိုက်မေးရတာကလဲ အကြောင်းရှိတယ်လေ.. ကိုယ်က သရဲဆို
ကြောက်တတ်လိုက်တာ.. ဒါပေမယ့် သရဲကားကလဲ အိမ်မှာ မောင်နှမတွေ ဆုံရင်
ဗီဒီယိုခွေ ငှားကြည့်သလား မမေးနဲ့... မောင်နှမတွေကြားမှာ သရဲကားကြည့်ရင်း
ကြောက်ရတာကလဲ အရသာတမျိုး.. ဖေကြီးလဲ သရဲကား တူတူလာကြည့်ရင် ဇိမ်တော့
နည်းနည်း ပျက်တယ်... ဖေကြီးက ပြောနေတာလေ.. သရဲကားမှာ မိတ်ကပ်နဲ့
မီးအလင်းအမှောင်နဲ့ နောက်ခံအသံနဲ့ ဘယ်လို ဘယ်ချမ်းသာဆိုပြီး ပြောတော့
ကြောက်စိတ်က နဲနဲပေါ့သွားတယ်... ကြောင်ရတဲ့ အရသာလဲ နဲနဲပေါ့သွားတယ်.. အာ..
ဖေကြီးက သရဲကားကို ဇိမ်ပျက်အောင် လာပြောနေပြန်ပီဆိုပြီး... မြန်မာ့အသံထဲက
နာမည်ကြီး သရဲကလဲ ကိုယ်မမြင်ဖူးပေမယ့် သရဲရုပ်ရှင်တွေထဲကလို ဖြစ်မလား...
ရုံးမှာ မနက်ပိုင်းဂျူတီ ညပိုင်းဂျူတီတွေဆို လူရှင်းနေတဲ့အချိန်ဆို
ဟိုအခန်းအကွယ်ထောင့်က.. စတူဒီယိုမှန်တံခါးနောက်က.. ဟိုးချောင်ထဲ အမှောင်ထဲ
စတူဒီယို အီးတို့ အဖ်တို့ကို လှမ်းကြည့်မိလိုက်ရင် ဘယ်လိုပုံစံနဲ့များ
လှမ်းမြင်မိမှာလဲ ဆိုပြီး ရင်တခုန်ခုန်နဲ့ ကြောက်တဲ့ကြားကပဲ သရဲကို
မျှော်နေမိသလို ဖြစ်နေတော့တယ်... အဆောင်မှာနေနေတုန်းကလဲ အဆောင်နဲ့ကပ်ရပ်
တီဗီရုံးခန်းအပြင်ဘက်မှာ ဒီဂျီရဲ့ကားသမား ဦးသက်လွင်တယောက် ရုံးနောက်ဘက်မှာ
အ၀ါလိုလိုနဲ့မြင်လိုက်သလိုရှိလို့ အနီးအနားတွေ့တဲ့ သစ်သားတုတ် ဆွဲပြီး
တ၀ုန်းဝုန်း ရိုက်သံတွေကြားရတော့လဲ ကြောက်ရပြုရ ဖြစ်လိုက်ရသေး..
ရုံးတွင်းသရဲဇာတ်လမ်းတွေကလဲ အများသား... ဒီရုံးကြီးကို ဒီအလုပ်ကို
ချစ်လွန်းပီး စိတ်တွေစွဲပြီး မကျွတ်မလွတ်ကြတာက ဘယ်လို ဆိုပြီး... စနေလား
တနင်္ဂနွေလား.. အများပြည်သူ ပိတ်ရက်ကြီးမှာ မနက်ဂျူတီကျပါလေရော.. မနက် ၇
နာရီခွဲလောက် ဂျူတီဝင်နိုင်ဖို့ ခေါင်းကိုလဲ အစောကြီး ထလျှော်ရသေး.. မနက် ၉
နာရီခွဲ ရေဒီယိုဂျူတီပီးတော့တောင် လျှော်ထားတဲ့ဆံပင်က မခြောက်သေးတော့
ဖားလျားချထားရတာပေါ့လေ... ခေါင်းကစိုစိုနဲ့ အဲကွန်းခန်းထဲ အသံလွှင့်ဖို့
ဂျူတီဝင်တော့ မေကြီးအနွေးထည် သိုးမွေးအနီရောင်လေးလဲ ၀တ်ထားရတာပေါ့...
အသံလွှင့်ဂျူတီလဲပီးရော.. အသ့ဖမ်း အင်ဂျင်နီယာအမတွေလဲ
အသံလွှင့်ခန်းထဲကထွက်ပြီး သူတို့နားနေခန်းမှာ ထမင်းသွားစားဖို့
ထွက်သွားကြတယ်.. ကိုယ့်စားပွဲပြန်ရောက်လို့ လွှင့်ခဲ့တဲ့ သီချင်းခွေတွေ၊
ဓာတ်ပြားတွေ၊ ရီးလ်တိပ်ခွေတွေ သူ့နေရာသူ ပြန်ထားဖို့ စစ်ကြည့်လိုက်တော့
နောက်ဆုံး တီးခဲ့တဲ့ သီချင်းခွေ လိုနေတယ်တော့.. စတူဒီယိုထဲ ကျန်ခဲ့တာ
သွားပြန်ယူ၇တာေါ့လေ.. အခန်းကိုဖွင့်လိုက်တော့ ဘယ်သူမှ မရှိ..
ကြောက်စိတ်ကို အားတင်းပြီး သီချင်းခွေ ပြန်ရှာ၇တယ်.. တော်သေးတယ်..
အင်ဂျင်နီယာ အမက ဓာတ်ပြားစက်ပေါ် တင်ထားပေးလို့.. အသံလွှင့်ခန်းလေး
မီးပိတ်ထားလို့ မှန်မှာ ကိုယ့်ရဲ့ ဆံပင်ဖားလျားပုံ ပေါ်နေတာ
မျက်ရိပ်ထောင့်ကနေ တွေပပေမယ့် ကိုယ့်ပုံကိုယ်တောင် ရဲရဲ မကြည့်ရဲဘူး..
တော်ကြာ ကြည့်ဖူးခဲ့တဲ့ သရဲကားထဲကလို မဟုတ်တာတွေ မြင်နေမစိုးလို့လေ..
အမြန်လေးပဲ အခွေကိုယူပြီး အခန်းပြင်ထွက်ဖို့ လော့ခ်ကိုလှည့်လိုက်တာ.. ထပ်..
လော့က ကျပ်သလိုလေး.. အားစိုက်လှည့်လိုက်တော့မှ လည်သွားပြီး ကလစ်...တဲ့..
တံခါးမှန်ကွက်လေးကနေ လူတယောက်ကပ်ပီး ဖြတ်သွားတာတွေ့လို့ ခဏ
စောင့်လိုက်ရသေးတယ်.. မစောင့်ရင် တ့ခါးအဖွင့်မှာ အပြင်ကလူကို
တံခါးနဲ့ရိုက်မိသလိုဖြစ်မှာ အားနာစရာကြီးလေ.. သူ ကျော်သွားမှ
တံခါးဖွင့်ပြီး ထွက်ရတယ်.. နောက်လှည့်မကြည့်တမ်း အပြင်ထွက်ပြီး
တံခါူးလက်ကိုင်ဘုကို လက်ကလွှတ်လိုက်တော့ ခပ်လေးလေးပင်ပင် တံခါးကြီးက
ဂျိမ်းကနဲပဲ ကိုယ် မပြောနဲ့ အရှေ့လေးက သွားတဲ့လူတောင် လန့်ပီး
လှည့်ကြည့်တယ်... အနောက်ကကြည့်တော့ အရွယ်ပိန်သေးသေးမို့ ကိုယ့်ထက်များ
ငယ်မလားထင်တာ.. သူ့မျက်နှာမြင်မှ ကိုယ့်ထက် အသက်ကြီးတယ်လေလို့
မှတ်လိုက်တယ်.. သူ့မျက်နှာက မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ လန့်နေသလိုပဲလို့
ထင်ပီးတောင် ပြန်ကြည့်သေးတယ်... သူ့ကြည့်မှန်းသိလို့ ခေါင်း
ရှေ့ပြန်လှည့်သွားတော့ ကိုယ်လဲ အသံသွင်းခန်းထဲက ကြောက်ပြီး ထွက်လာတာ
အပြင်မှာ လူတွေ့တော့ အားတောင်ရှိသွားတယ်.. အသားဖြူဖြူ ပိန်သေးသေး..
မျက်စိနဲနဲကျယ်တဲ့ ဦးကြိုင်ကို သဘောကောင်းတဲ့သူမှန်း နောက်မှ သိရတာ..
အဲဒီတုန်းကတော့ ဦးကြိုင်ကလဲ ၀န်ထမ်းသစ်ဖြစ်တဲ့ ကိုယ့်ကို မသိဘူးလေ..
ဦးကြိုင်က နောက်တခေါက် ပြန်လှည့်ကြည့်တယ်.. ကိုယ့်ကိုပဲ ..
ဘာဖြစ်တာလဲဟပေါ့.. ကိုယ်က သူ့နောက်ကနေ ခြေလှမ်းမှန်မှန် ခြေသံလုံလုံ
ထမီခတ်သံ တဘုတ်ဘုတ်နဲ့ပေါ့... စတူဒီယူကြီးရဲ့ မှန်တံခါး သူအရင်ဖွင့်ပြီး
ထွက်သွားတယ်.. ကိုယ်လဲ မလှမ်းမကမ်းကနေ ပါလာတာဆိုတော့ ကိုယ်လဲ
လိုက်ထွက်တယ်.. သူ ပြန်လှည့်ကြည့်တယ်.. အပြင်ထိ လိုက်လာတယ်ပေါ့...
အပြင်ရောက်တော့ ဓာတ်ပြားတိုက်ဝန်ထမ်းတယောက်က သူတို့တံခါး မဖွင့်သေးလို့
အပြင်မှာ ၇ပ်စောင့်နေတယ်.. သူနဲ့ နည်းနည်းတော့ ရင်းနှီးတော့ သူက ပြုံးပြီး
၈ျူတီ ပြီးပြီလားတဲ့ နှုတ်ဆက်တယ်.. ဟုတ်. ပြီးပြီလို့ ကိုယ်က ပြန်ပြောတော့
အဲဒီဦးကြိုင် ခဏ ရပ်လိုက်ပြီး ခေါင်းလှည့်ပြီး မေးတယ်... သမီးက
ဝန်ထမ်းသစ်လားတဲ့.. ဟုတ်ကဲ့လို့ ... အော် အေး အေး ဟုတ်ပီ ဟုတ်ပီ ဆိုပြီး
အဲဒီတော့မှ စိတ်ချလက်ချ ပြုံးပြတယ်... ချက်ချင်း သဘော မပေါက်ပေမယ့် နောက်
တရက် ၂ ရက်ကြာတော့ အချင်းချင်း စကားကြုံပြောရင်း သရဲအကြောင်း ရောက်ကာမှ
ဦးကြိုင်က အနီရောင်သိုးမွေးအက်ျီ ဆံပင်ဖားလျားနဲ့ ကိုယ့်ကို သရဲမ လို့
ထင်နေသကိုး...

No comments:
Post a Comment